လိင်အာသာဖြေခြင်းရဲ့ ဦးနှောက်အပေါ် သက်ရောက်မှု
ကိုယ့်လက်နဲ့ လိင်အာသာဖြေတယ်ဆိုတာ မြီးကောင်ပေါက်အရွယ်ကနေ အသက်ကြီးတဲ့အထိ ကျား၊ မ မရွေး လုပ်လေ့လုပ်ထရှိတဲ့ ကျန်းမာတဲ့အလေ့အကျင့်တစ်ခုပါပဲ။ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးအရ ဒီအပြုအမူကို ပြစ်တင်ရှုံ့ချတာမျိုးတော့ ရှိနေသေးပေမယ့် ကျန်းမာရေးအရတော့ ဒါဟာ ထူးဆန်းတဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဒီဆောင်းပါးမှာတော့ လိင်အာသာဖြေလိုက်တဲ့အခါ ဦးနှောက်မှာ ဘာတွေဖြစ်ပျက်ပြောင်းလဲသွားလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးမှာဖြစ်ပါတယ်။
၁။ လက်ဖြင့် အာသာဖြေခြင်းက ဟော်မုန်းတွေကို ထုတ်လုပ်ပေးတယ်။
· ပျော်ရွှင်မှုကို ဖြစ်စေတဲ့ Dopamine ဟော်မုန်း
· နာကျင်မှု၊ စိတ်ဖိစီးမှုကို လျော့ပါးစေပြီး စိတ်ကိုကြည်စေတဲ့ Endorphins ဟော်မုန်း
· ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုကိုဖြစ်စေတဲ့ Oxytocin ဟော်မုန်း
· သက်လုံနဲ့ လိင်စိတ်ဆန္ဒကို တိုးမြှင့်ပေးတဲ့ ကျားဟော်မုန်း ဒါမှမဟုတ် Testosterone ဟော်မုန်း
· စိတ်ကိုကြည်စေပြီး ကိုယ်ခံအားကောင်းစေတဲ့ Prolactin ဟော်မုန်း
လက်နဲ့ အာသာဖြေနေတဲ့အချိန်မှာရော၊ ဆန္ဒပြီးမြောက်သွားချိန်မှာပါ ဦးနှောက်ကနေ ဒီဟော်မုန်းတွေကို အမြောက်အများထုတ်လုပ်ပေးပါတယ်။ ဒီအတွက် ရုပ်ခန္ဓာနဲ့ စိတ်ကျန်းမာရေးကို ပိုကောင်းစေပါတယ်။
၂။ စိတ်ပျော်ရွှင်မှုကို ဖြစ်စေတယ်။
ပျော်ရွှင်မှုနဲ့ စိတ်ဖိစီးမှုဟန့်တားတဲ့နေရာမှာ အဓိကကူညီပေးတဲ့ ဟော်မုန်းတွေကို အများအပြားထုတ်လုပ်လိုက်တဲ့အခါ ခန္ဓာကိုယ်က သက်သောင့်သက်သာဖြစ်သွားပြီး စိတ်ဖိစီးမှုဟော်မုန်းတွေ နည်းသွားတယ်။ တစ်ချိန်တည်းမှာပဲ စိတ်ပျော်ရွှင်တဲ့၊ စိတ်ထဲ အေးချမ်းတဲ့ ခံစားချက်တစ်မျိုးကို ရစေနိုင်ပါတယ်။
၃။ အာရုံစူးစိုက်နိုင်မှု အားကောင်းစေတယ်။
လိင်အာသာဖြေတဲ့အခါ ကိုယ့်ရဲ့ တဏှာရာဂကို ပိုတက်ကြွလာစေဖို့ အပြာရုပ်ရှင်ကြည့်ရတာ၊ ကိုယ့်ရဲ့ လိင်အင်္ဂါ ဒါမှမဟုတ် ကိုယ့်ရဲ့လိင်စိတ်တိမ်းညွတ်မှုအရ တခြားသူတစ်ဦးကို စိတ်ဖြင့်မှန်းဆွရတဲ့အတွက် အာရုံစူးစိုက်နိုင်မှုကို သွေးလိုက်တာနဲ့ အတူတူပါပဲ။ ဒါ့အပြင် လိင်စိတ်အထွတ်အထိပ် ရောက်ပြီးသွားတဲ့အခါ စိတ်ဖိစီးမှုဟော်မုန်းတွေ လျော့နည်းသွားတာကြောင့် ဦးနှောက်က အာရုံပိုစူးစိုက်လာနိုင်ပါတယ်။
၄။ မကောင်းတဲ့ စိတ်ခံစားချက်တွေနဲ့ စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ပေးတယ်။
ပျော်ရွှင်ခြင်းဟော်မုန်းတွေ အများအပြားထွက်လာသလိုပဲ၊ ဦးနှောက်ကနေ Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေ ထုတ်လုပ်မှုလျော့နည်းလာပါတယ်။ ဒါ့အပြင် ရှိပြီးသား စိတ်ဖိစီးမှုဟော်မုန်းတွေကို ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ဖျက်ချလိုက်တာကြောင့် မကောင်းတဲ့ စိတ်ခံစားချက်တွေ လျော့နည်းလာပါတယ်။ တစ်ချိန်တည်းမှာပဲ သွေးပေါင်ကျစေပြီး နှလုံးခုန်နှုန်းကို ပုံမှန်အတိုင်းဖြစ်စေဖို့နဲ့၊ ခန္ဓာကိုယ်တွင်း ကောင်းစွာ သွေးလည်ပတ်စေပါတယ်။
၅။ ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်စေတယ်။
ဒါကတော့ ယောက်ျားလေးတော်တော်များများ မပြောလည်း သိမယ်ထင်ပါတယ်။ ညဘက်တွေ အိပ်မရတဲ့အခါ ကိုယ့်ကိုယ်ကို ပွတ်သီးပွတ်သပ်လုပ်ရင်း လက်နဲ့အာသာဖြေပြီးသွားရင် ကောင်းကောင်းအိပ်ပျော်သွားတာမျိုးပေါ့။ တကယ်တော့ ပျော်ရွှင်မှုဟော်မုန်းတွေ ထွက်တာအပြင် ခန္ဓာကိုယ်ကြွက်သားတွေ တင်းမာနေတာ ပြေလျော့သွားတာကြောင့် လူက ကောင်းစွာအိပ်ပျော်သွားတာပါပဲ။
၆။ လိင်မှုဘဝကို ပိုကောင်းလာစေတယ်။
လက်နဲ့ အာသာဖြေနေကျသူတွေဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ လိင်စိတ်ကြွစေတဲ့ အစိတ်အပိုင်း၊ မှန်းထားတဲ့ တဏှာရာဂအတွေးနဲ့ လက်တွေ့ဖြစ်ရပ်တွေကို ကောင်းကောင်းနားလည်သလို၊ ကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းပေါ်မှာလည်း နှစ်သက်သဘောကျတဲ့ ခံစားချက်ဖြစ်စေပါတယ်။ ဒါ့အပြင် ဦးနှောက်က ကျားဟော်မုန်းတွေ ပိုမိုထုတ်လုပ်ပေးတဲ့အတွက် လိင်စိတ်ဆန္ဒ ပိုဖြစ်လာတာကြောင့် စုံတွဲတွေ၊ အိမ်ထောင်ဖက်တွေအတွက်လည်း အချစ်ခရီးလမ်းပိုလျှောက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။
ဆိုးကျိုးအနေနဲ့ ဘာတွေဖြစ်နိုင်လဲ။
· လိင်အာသာဖြေဖို့ကိုပဲ စိတ်စွဲပြီး တခြားအလုပ်တွေမှာ လစ်ဟင်းလာနိုင်တယ်။
· ကိုယ့်ရဲ့ အာသာဖြေချင်စိတ်အပေါ် တခြားသူတွေရဲ့ အမြင်ကို အမြဲစိုးရိမ်ပူပန်နေနိုင်တယ်။
· ကိုယ့်ရဲ့ လိင်အင်္ဂါနဲ့ ဆီးလမ်းကြောင်းကို ထိခိုက်လာစေနိုင်တယ်။
· လိင်အာသာဖြေဖို့ကိုပဲ စိတ်ရောက်နေပြီး အမှန်တကယ် လိင်ဆက်ဆံဖို့ကို စိတ်ဝင်စားမှုနည်းသွားတယ်။
· လိင်ဆက်ဆံတဲ့အခါ ကိုယ့်လက်နဲ့ အာသာဖြေတာလောက် ခံစားမှုမကောင်းသလို ခံစားရနိုင်ပါတယ်။
လိင်အာသာဖြေခြင်းဟာ ကျန်းမာရေးအရ ယောက်ျား၊ မိန်းမ မဆို ကောင်းကျိုးများစွာရှိတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပေမယ့် တန်ဆေး၊ လွန်ဘေးဆိုတဲ့အတိုင်း များသွားရင်တော့ ဆန့်ကျင်ဘက်ဆိုးကျိုးတွေကို ခံစားရနိုင်တယ်ဆိုတာကို သတိချပ်စေချင်ပါတယ်ခင်ဗျာ။
ရေးသားသူ - ရဲမျိုးမြတ်